ဥရောပသမဂ္ဂ၏ ထောက်ပံ့မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော Academy of Care-AoC (၂၀၂၆-၂၀၂၉) စီမံကိန်း၏ တရားဝင်စတင်ခြင်း အထိမ်းအမှတ်နှင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ပန်းပျိုးလက် ဖောင်ဒေးရှင်း (PPLF) သည် အောက်တိုဘာလ ၁၁ ရက်နေ့တွင် Goethe-Institut Myanmar ၌ ကျင်းပပြုလုပ်သော ကလေး၊ လူငယ်နှင့် မိသားစု အစီအစဉ်တွင် ဦးဆောင်ပါဝင်ခွင့်ရရှိခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။
"ကစားပါ၊ ဖန်တီးပါ၊ ချိတ်ဆက်ပါ" (Play, Create and Connect) ဟု အမည်ပေးထားသော ကျွန်ုပ်တို့၏ ဆွေးနွေးပွဲတွင် ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်မှု၊ ထိခိုက်ဒဏ်ရာ ကုသပျောက်ကင်းစေရေး၊ ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းနှင့် လူမှုအသိုက်အဝန်းအတွင်း ပါဝင်ခွင့်ရရှိရေးတို့ကို အားပေးမြှင့်တင်ရန်အတွက် ကစားနည်းအခြေပြုနှင့် ဖန်တီးမှုဆိုင်ရာ နည်းလမ်းများကို အသုံးပြုခြင်းအပေါ် အဓိကထား ဆွေးနွေးခဲ့ကြပါသည်။
ကျွန်ုပ်တို့၏ ဆွေးနွေးပွဲတွင် ပါဝင်သော အဓိက အစိတ်အပိုင်းများမှာ-
- အစောပိုင်း ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေး (ECD) နှင့် စိတ်ကျန်းမာရေးတွင် ကစားခြင်း၏ တန်ဖိုး - အထူးသဖြင့် အကျပ်အတည်းကာလများတွင် စနစ်တကျဖန်တီးထားသော ကစားနည်းများနှင့် သာမန်ကစားနည်းများသည် သိမြင်မှု၊ ခံစားချက်၊ ရုပ်ပိုင်းဆိုင်ရာနှင့် အာရုံခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို မည်ကဲ့သို့ အထောက်အကူပြုကြောင်း အသိအမြင်များကို မျှဝေခြင်း။
- အားလုံးပါဝင်နိုင်သော ကစားစရာများနှင့် ကစားရန်နေရာများကို ပြသခြင်း - မတူကွဲပြားသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လိုအပ်ချက်များနှင့်ကိုက်ညီစေရန် ပြုပြင်ဖန်တီးထားသော မသန်စွမ်းသူများပါဝင်နိုင်သည့် အစောပိုင်း ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေး (ECD) ကိရိယာများ၊ အာရုံခံကစားစရာများနှင့် လိုက်လျောညီထွေဖြစ်အောင် အသုံးပြုနိုင်သော ကစားနည်းများကို လက်တွေ့ပြသခြင်း။
- ကိုယ်တိုင်အရုပ်ပြုလုပ်ခြင်းနှင့် အပြန်အလှန်ပါဝင်လုပ်ဆောင်နိုင်သော Workshopများ - မိမိတို့အိမ်နှင့် ရပ်ရွာအသိုက်အဝန်းများတွင် အသုံးပြုရန်အတွက် စိတ်ဝင်စားစရာကောင်းသော သင်ယူစရာအရုပ်များနှင့် လှုပ်ရှားမှုများကို ဖန်တီးရာတွင် ဒေသတွင်း ရရှိနိုင်သောပစ္စည်းများ (Locally Available) နှင့် ပြန်လည်အသုံးချနိုင်သော (Recycled) စွန့်ပစ်ပစ္စည်းများကို မည်ကဲ့သို့ အသုံးချရမည်ကို မိဘများနှင့် စောင့်ရှောက်သူများအား လမ်းညွှန်ပြသခြင်း။
- ဂီတနှင့် အပြန်အလှန်တုံ့ပြန်သော လှုပ်ရှားမှုများ - သီချင်းဆိုခြင်းနှင့် စည်းချက်ညီသော ကစားနည်းများမှတစ်ဆင့် ပါဝင်သူများကို တက်ကြွစွာ ပါဝင်လာစေခြင်း။
ဤကဲ့သို့ အရေးပါသော အစီအစဉ်တစ်ခုကို ဖန်တီးပေးခဲ့ကြသည့် Goethe-Institut Myanmar၊ ဥရောပသမဂ္ဂ (European Union) နှင့် စိတ်ကျန်းမာရေးနှင့် စောင့်ရှောက်မှုကွန်ရက်မှ ကျွန်ုပ်တို့၏ မိတ်ဖက်များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ ကလေးသူငယ်များ၏ ကောင်းကျိုးသုခချမ်းသာနှင့် အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်အတွက် ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားရန် မျှော်လင့်ပါသည်။