အားလုံးပါဝင်နိုင်သော ကစားနည်းများနှင့် ဖန်တီးနိုင်စွမ်းတို့ဖြင့် ကလေးငယ်များ၊ မိဘများနှင့် စောင့်ရှောက်သူများကို စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း

ဥရောပသမဂ္ဂ၏ ထောက်ပံ့မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော Academy of Care-AoC (၂၀၂၆-၂၀၂၉) စီမံကိန်း၏ တရားဝင်စတင်ခြင်း အထိမ်းအမှတ်နှင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ပန်းပျိုးလက် ဖောင်ဒေးရှင်း (PPLF) သည် အောက်တိုဘာလ ၁၁ ရက်နေ့တွင် Goethe-Institut Myanmar ၌ ကျင်းပပြုလုပ်သော ကလေး၊ လူငယ်နှင့် မိသားစု အစီအစဉ်တွင် ဦးဆောင်ပါဝင်ခွင့်ရရှိခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

"ကစားပါ၊ ဖန်တီးပါ၊ ချိတ်ဆက်ပါ" (Play, Create and Connect) ဟု အမည်ပေးထားသော ကျွန်ုပ်တို့၏ ဆွေးနွေးပွဲတွင် ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်မှု၊ ထိခိုက်ဒဏ်ရာ ကုသပျောက်ကင်းစေရေး၊ ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းနှင့် လူမှုအသိုက်အဝန်းအတွင်း ပါဝင်ခွင့်ရရှိရေးတို့ကို အားပေးမြှင့်တင်ရန်အတွက် ကစားနည်းအခြေပြုနှင့် ဖန်တီးမှုဆိုင်ရာ နည်းလမ်းများကို အသုံးပြုခြင်းအပေါ် အဓိကထား ဆွေးနွေးခဲ့ကြပါသည်။

ကျွန်ုပ်တို့၏ ဆွေးနွေးပွဲတွင် ပါဝင်သော အဓိက အစိတ်အပိုင်းများမှာ-

  • အစောပိုင်း ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေး (ECD) နှင့် စိတ်ကျန်းမာရေးတွင် ကစားခြင်း၏ တန်ဖိုး - အထူးသဖြင့် အကျပ်အတည်းကာလများတွင် စနစ်တကျဖန်တီးထားသော ကစားနည်းများနှင့် သာမန်ကစားနည်းများသည် သိမြင်မှု၊ ခံစားချက်၊ ရုပ်ပိုင်းဆိုင်ရာနှင့် အာရုံခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို မည်ကဲ့သို့ အထောက်အကူပြုကြောင်း အသိအမြင်များကို မျှဝေခြင်း။
  • အားလုံးပါဝင်နိုင်သော ကစားစရာများနှင့် ကစားရန်နေရာများကို ပြသခြင်း - မတူကွဲပြားသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လိုအပ်ချက်များနှင့်ကိုက်ညီစေရန် ပြုပြင်ဖန်တီးထားသော မသန်စွမ်းသူများပါဝင်နိုင်သည့် အစောပိုင်း ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေး (ECD) ကိရိယာများ၊ အာရုံခံကစားစရာများနှင့် လိုက်လျောညီထွေဖြစ်အောင် အသုံးပြုနိုင်သော ကစားနည်းများကို လက်တွေ့ပြသခြင်း။
  • ကိုယ်တိုင်အရုပ်ပြုလုပ်ခြင်းနှင့် အပြန်အလှန်ပါဝင်လုပ်ဆောင်နိုင်သော Workshopများ - မိမိတို့အိမ်နှင့် ရပ်ရွာအသိုက်အဝန်းများတွင် အသုံးပြုရန်အတွက် စိတ်ဝင်စားစရာကောင်းသော သင်ယူစရာအရုပ်များနှင့် လှုပ်ရှားမှုများကို ဖန်တီးရာတွင် ဒေသတွင်း ရရှိနိုင်သောပစ္စည်းများ (Locally Available) နှင့် ပြန်လည်အသုံးချနိုင်သော (Recycled) စွန့်ပစ်ပစ္စည်းများကို မည်ကဲ့သို့ အသုံးချရမည်ကို မိဘများနှင့် စောင့်ရှောက်သူများအား လမ်းညွှန်ပြသခြင်း။
  • ဂီတနှင့် အပြန်အလှန်တုံ့ပြန်သော လှုပ်ရှားမှုများ - သီချင်းဆိုခြင်းနှင့် စည်းချက်ညီသော ကစားနည်းများမှတစ်ဆင့် ပါဝင်သူများကို တက်ကြွစွာ ပါဝင်လာစေခြင်း။

ဤကဲ့သို့ အရေးပါသော အစီအစဉ်တစ်ခုကို ဖန်တီးပေးခဲ့ကြသည့် Goethe-Institut Myanmar၊ ဥရောပသမဂ္ဂ (European Union) နှင့် စိတ်ကျန်းမာရေးနှင့် စောင့်ရှောက်မှုကွန်ရက်မှ ကျွန်ုပ်တို့၏ မိတ်ဖက်များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ ကလေးသူငယ်များ၏ ကောင်းကျိုးသုခချမ်းသာနှင့် အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်အတွက် ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားရန် မျှော်လင့်ပါသည်။

ပန်းပျိုးလက်ဖောင်ဒေးရှင်း (PPLF) မှ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ကစားခြင်းနေ့ကို ကျင်းပခြင်း

ပန်းပျိုးလက်ဖောင်ဒေးရှင်း (PPLF) သည် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ကစားခြင်းနေ့ကို အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် ဘေးကင်းလုံခြုံသောနေရာ (SSWC) တွင် ကျင်းပခဲ့ပြီး၊ ကစားနည်းမျိုးစုံ၊ သင်ယူမှုများနှင့် ပျော်ရွှင်စရာ လှုပ်ရှားမှုများမှတစ်ဆင့် ကလေးငယ်များအတွက် ပျော်ရွှင်စရာနေ့ရက်တစ်ရက်ကို ဖန်တီးပေးခဲ့ပါသည်။

ဤလှုပ်ရှားမှုသည် ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေး၊ စိတ်ခံစားမှုနှင့် သိမြင်နားလည်မှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရာတွင် ကစားခြင်း၏ အရေးပါပုံကို ပေါ်လွင်စေခဲ့သည်။ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရသော လှုပ်ရှားမှုများမှတစ်ဆင့် ကလေးငယ်များအနေဖြင့် ဘေးကင်းလုံခြုံပြီး ကလေးသူငယ်များနှင့် သင့်လျော်မည့် ပတ်ဝန်းကျင်တစ်ခုတွင် မိမိကိုယ်ကိုယ် ရှာဖွေဖော်ထုတ်ရန်၊ သင်ယူရန်နှင့် လွတ်လပ်စွာ ဖော်ပြနိုင်ရန် အားပေးမြှင့်တင်ပေးခဲ့ပါသည်။ ကလေးသူငယ်များ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကတိကဝတ်ပြုထားသည့်အတိုင်း၊ PPLF သည် ကစားခြင်းကို ကလေးတိုင်း၏ အခြေခံအခွင့်အရေးတစ်ခုအဖြစ်လည်းကောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေး (ECCD) ၏ မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုအဖြစ်လည်းကောင်း အသိအမှတ်ပြုထားပါသည်။ ယခုကဲ့သို့ ကျင်းပခြင်းဖြင့် SSWC ရှိ ကလေးငယ်များအတွက် အဓိပ္ပာယ်ရှိသော ကစားခြင်းအတွေ့အကြုံများကို ခံစားရရှိစေရုံသာမက၊ ကလေးငယ်များ သင်ယူရန်၊ ကြီးထွားရန်နှင့် အောင်မြင်ဖြစ်ထွန်းရန်အတွက် ကစားခြင်းက မည်မျှအရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်ကို အသိပညာပေးရာတွင်လည်း အခွင့်အလမ်းကောင်းတစ်ခု ဖြစ်စေခဲ့ပါသည်။

PPLF အနေဖြင့် ဤထူးခြားဆန်းပြားသော နေ့ရက်ကို ဂုဏ်ပြုမှတ်တမ်းတင်ခွင့်ရသည့်အတွက် ဝမ်းမြောက်မိပြီး၊ ကလေးငယ်များနှင့် မိသားစုများ၏ လူနေမှုဘဝသာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးမည့် အစပြုလုပ်ဆောင်ချက်များကို ဆက်လက်ပံ့ပိုးကူညီသွားရန် ဆန္ဒပြုထားပါသည်။

ပန်းပျိုးလက်ဖောင်ဒေးရှင်းမှကြီးမှူး၍ မူကြိုဆရာမများအား ကလေး သူငယ်များတွင်ဖြစ်တတ်သောအရေးပေါ် ပြုစုစောင့်ရှောက်ခြင်း သင်တန်းပို့ချခြင်း

ပန်းပျိုးလက်ဖောင်ဒေးရှင်း၏ ကြီးမှူးမှုဖြင့် 👩‍🏫 မူကြိုဆရာမများအတွက် “ကလေးသူငယ်များအတွက် အရေးပေါ်ပြုစုစောင့်ရှောက်မှု” သင်တန်းကို ကျင်းပခဲ့ပါသည်။
ဤသင်တန်းသည် မူကြိုဆရာမများအား မိမိတို့ စောင့်ရှောက်ရသော ကလေးသူငယ်များတွင် အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာသည့်အခါ တုံ့ပြန်နိုင်ရေး၊ အခြေခံပြုစုနည်းလမ်းများနှင့် အသက်ကယ်ရေးဆိုင်ရာ အတတ်ပညာများကို နားလည်ကျွမ်းကျင်စေရန် ရည်ရွယ်ပါသည်။
ကျောင်းပတ်ဝန်းကျင်အတွင်း ကလေးများ၏ ကျန်းမာရေးနှင့် လုံခြုံရေးအတွက် အရေးကြီးသော အခြေခံအတတ်ပညာများကို မူကြို ဆရာ/ဆရာမများထံသို့ ပေးပို့နိုင်ခဲ့ခြင်းအပေါ် ပန်းပျိုးလက်ဖောင်ဒေးရှင်းမှဝမ်းမြောက်မိပါသည်။

စိတ်ကျန်းမာရေးနှင့် စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု သင်တန်း

ပန်းပျိုးလက်ဖောင်ဒေးရှင်း (PPLF) သည် Asian Disaster Preparedness Center (ADPC) မှ ကြီးမှူးကျင်းပသော စိတ်ကျန်းမာရေးနှင့် စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု သင်တန်း (MHPSS) တွင် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများ ပေးအပ်ခဲ့ပါသည်။

ကျွန်ုပ်တို့၏ အတွေ့အကြုံရှိ ကျွမ်းကျင်ပညာရှင်များသည် သင်တန်းတွင် အဓိကသင်ခန်းစာများကို ပို့ချပေးခဲ့သည့်အပြင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသူများ (Facilitators)အဖြစ် ပါဝင်ခဲ့ကြပြီး၊ လက်တွေ့နယ်ပယ်မှ အတွေ့အကြုံများနှင့် အတတ်ပညာများကို သင်တန်းသားများထံသို့ အောင်မြင်စွာ မျှဝေပေးနိုင်ခဲ့ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် PPLF သည် MHPSS ဆိုင်ရာ စွမ်းဆောင်ရည်များကို ဆက်လက်မြှင့်တင်ပေးလျက်ရှိပြီး လူထု၏ ကြံ့ကြံ့ခံနိုင်ရည်ရှိမှုနှင့် သုခချမ်းသာ (Well-being) တို့ကို ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်လျက်ရှိပါသည်။

"ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်လွယ်သော ကလေးသူငယ်များနှင့် မိသားစုများအပေါ် သက်ရောက်မှုများ"

၂၀၁၉ ခုနှစ်၊ ဇွန်လတွင် ပန်းပျိုးလက်ဖောင်ဒေးရှင်း (Pann Pyoe Lett Foundation) သည် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ‘ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်လွယ်သော ကလေးသူငယ်များနှင့် မိသားစုများအပေါ် သက်ရောက်မှုများ’ ဆိုင်ရာ လေ့လာမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သက်ရောက်မှုလေ့လာရေးစစ်တမ်းတွင် မြန်မာနိုင်ငံရှိ ထိခိုက်လွယ်သောအသိုက်အဝန်းများ၏ အသက်မွေးဝမ်းကျောင်းမှု၊ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများအပေါ် ရာသီဥတုပြောင်းလဲမှုက မည်သို့သက်ရောက်နေသည်ကို အလေးပေး ဖော်ပြထားပါသည်။ ၎င်းပြင် ဒေသတွင်းကြုံတွေ့နေရသော စိန်ခေါ်မှုများကို စူးစမ်းလေ့လာထားပြီး ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များကို ရင်ဆိုင်နိုင်စွမ်းရှိစေရန်နှင့် လူထု၏ ကြိုတင်ပြင်ဆင်မှုကဏ္ဍများ တိုးတက်ကောင်းမွန်လာစေရန်အတွက် လက်တွေ့ကျသော အကြံပြုချက်များကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။

 

ရန်ကုန်မြို့တွင် ရှေးဦးသူနာပြုစုခြင်း သင်တန်းကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ခြင်း

ပန်းပျိုးလက်ဖောင်ဒေးရှင်း (PPLF) သည် Capacity Building Initiative (CBI) နှင့် ပူးပေါင်း၍ (၃) ရက်ကြာ ရှေးဦးသူနာပြုစုခြင်း (First Aid Training) သင်တန်းကို ရန်ကုန်မြို့ရှိ Parkroyal Hotel တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ အရပ်ဘက်လူမှုအဖွဲ့အစည်း (CBO) များနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) စုစုပေါင်း (၁၈) ဖွဲ့မှ သင်တန်းသား (၃၀) ဦး တက်ရောက်ခဲ့ကြပြီး၊ အရေးပေါ်အခြေအနေများတွင် တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းနှင့် အသက်ကယ်ဆယ်နိုင်သော ရှေးဦးသူနာပြုစုခြင်း ကျွမ်းကျင်မှုများကို မြှင့်တင်ပေးရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

သင်တန်းတွင် အောက်ပါအဓိကဘာသာရပ်များကို သင်ကြားပို့ချခဲ့ပါသည် -

  • ရှေးဦးသူနာပြုစုခြင်းဆိုင်ရာ အခြေခံမူများနှင့် လူနာအား စစ်ဆေးအကဲဖြတ်ခြင်း

  • အသက်ရှူလမ်းကြောင်းဆိုင်ရာ အရေးပေါ်အကူအညီပေးခြင်း (CPR နှင့် BLS) နှင့် အစာနင်ခြင်း/အသက်ရှူကြပ်ခြင်းအား ကူညီခြင်း

  • သွေးထွက်ခြင်း၊ မီးလောင်ခြင်း၊ အရိုးကျိုးခြင်းနှင့် ဒဏ်ရာအမျိုးမျိုးကို စနစ်တကျ ပြုစုခြင်း

  • ကလေးသူငယ်များအတွက် ရှေးဦးသူနာပြုစုခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်း (Psychological First Aid)

  • တိရစ္ဆာန်ကိုက်ခြင်းနှင့် အဆိပ်ရှိသတ္တဝါများ တုပ်ခြင်းအတွက် ရှေးဦးပြုစုခြင်း

သင်တန်းပို့ချရာတွင် အပြန်အလှန်ဆွေးနွေးခြင်း၊ လက်တွေ့ပြသခြင်းနှင့် ကိုယ်တိုင်လက်တွေ့ လေ့ကျင့်ခန်းများဖြင့် ပေါင်းစပ်ဆောင်ရွက်ခဲ့သဖြင့် သင်တန်းသားများအနေဖြင့် လက်တွေ့ဘဝတွင် ကြုံတွေ့ရနိုင်သော အရေးပေါ်အခြေအနေများကို ယုံကြည်မှုရှိစွာ တုံ့ပြန်ဆောင်ရွက်နိုင်မည့် အတွေ့အကြုံများကို ရရှိခဲ့ကြပါသည်။

သင်ယူခဲ့သော ကျွမ်းကျင်မှုများကို လက်တွေ့အသုံးချနိုင်စေရန်အတွက် သင်တန်းသားတစ်ဦးစီအား ရှေးဦးသူနာပြုစုခြင်းဆိုင်ရာ ဆေးသေတ္တာ (First Aid Kits) များ ဖြန့်ဝေပေးခဲ့ပါသည်။ ဤဆေးသေတ္တာများ၏ အကူအညီဖြင့် သင်တန်းသားများသည် ၎င်းတို့၏ သက်ဆိုင်ရာ ရပ်ရွာအသိုက်အဝန်းနှင့် အဖွဲ့အစည်းများအတွင်း အရေးပေါ်အခြေအနေများ ကြုံတွေ့ရပါက ပထမဆုံး တုံ့ပြန်ကူညီပေးနိုင်သူများ (First Responders) အဖြစ် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

ဤလုပ်ဆောင်ချက်သည် ရပ်ရွာလူထု၏ ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံနိုင်ရည်ရှိမှုနှင့် ကြိုတင်ပြင်ဆင်မှုတို့ကို မြှင့်တင်ပေးနိုင်ပြီး၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များကဲ့သို့ ထိခိုက်လွယ်သော အုပ်စုများအတွက် များစွာ အထောက်အကူပြုမည် ဖြစ်ပါသည်။

ပန်းပျိုးလက်ဖောင်ဒေးရှင်းအနေဖြင့် တက်ကြွစွာ ပါဝင်ခဲ့ကြသော သင်တန်းသားများနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ လူထုဘေးကင်းလုံခြုံရေးနှင့် အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးအပေါ် ထားရှိသည့် ကတိကဝတ်များအတွက် အထူးပင် ကျေးဇူးတင်ရှိပါသည်။

🌟 အခြေခံပညာမှ ဆရာ၊ ဆရာမများအတွက် သတင်းကောင်း 🌟

ဆရာ/ဆရာမများရဲ့ အရည်အသွေး မြှင့်တင်ပေးဖို့ ရည်ရွယ်လျက် "လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဖွံ့ဖြိုးရေး (RPD)" အစီအစဉ်ရဲ့ "ပန်းပျိုးသူဥယျာဉ်မှူးသင်တန်း"ကို Myanmar Teacher Platform (MTP) ကတစ်ဆင့် တက်ရောက်သင်ယူနိုင်ဖို့အတွက် ပန်းပျိုးလက်ဖောင်ဒေးရှင်း (PPLF) မှ  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။

 ယခု သင်တန်းသည် ပထမအကြိမ်တွင် ပါဝင်ခွင့်မရရှိခဲ့သော ဆရာ/ဆရာမများနှင့် အသစ်တက်ရောက်လိုသူ ဆရာ/ဆရာမများအတွက် ဒုတိယအကြိမ်အဖြစ် ပြန်လည်ဖွင့်လှစ်ပေးခြင်း ဖြစ်ပါတယ်။

 ✨ ဘာတွေ လေ့လာရမလဲ?

ဒီသင်တန်းမှာ ဆရာ/ဆရာမတိုင်းအတွက် မရှိမဖြစ် သိသင့်တဲ့ မော်ဂျူး (၆) ခုကို လေ့လာရမှာပါ။

📚 မော်ဂျူး (၁)။ သင်ကြားရေး၏ အခြေခံ အုတ်မြစ်များ

📚 မော်ဂျူး (၂)။ ဆရာအတတ်ပညာ ဖွံ့ဖြိုး တိုးတက်ရေး

📚 မော်ဂျူး (၃)။ စာသင်ခန်း စီမံခန့်ခွဲမှု

📚 မော်ဂျူး (၄)။ ပြောင်းလွယ်ပြင်လွယ်ရှိခြင်းနှင့် အလိုက်သင့် ပြောင်းလဲနိုင်ခြင်း

📚 မော်ဂျူး (၅)။ ကျောင်းသားများ၏ ပေါက်မြောက် အောင်မြင်မှု

📚 မော်ဂျူး (၆)။ ဆရာ အလုပ်၌ ဘဝတစ်သက်တာ နှစ်မြှုပ်လုပ်ဆောင်မှု

 📅 သင်တန်းကာလ

၂၀၂၆ ခုနှစ် ဧပြီလ မှ  မေလ ၂၀ရက်နေ့ အတွင်း

(မိမိအားလပ်ချိန်တွင် တက်ရောက်လေ့လာနိုင်သော Online Course ဖြစ်ပါတယ်။)

သင်တန်းအစီအစဉ်များ

✅ Orientation - သင်တန်းမိတ်ဆက်ခြင်း။

✅ Webinar - နည်းပြဆရာများနှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးသင်ယူခြင်း

✅ "ပန်းပျိုးသူဥယျာဥ်မှူးသင်တန်း" (Module ၆) ခုကို (MTP) တွင် ကိုယ်တိုင်လေ့လာခြင်း

 🎁 အထူးအစီအစဉ်

·         "Orientation နှင့် Webinar Session များ" တက်ရောက်သူများကို အင်တာနက်အသုံးပြုခ ပံ့ပိုးပေးခြင်း

·         မော်ဂျူး (၆) အားလုံးကို တက်ရောက်ပြီးစီးပါက မေတ္တာလက်ဆောင် ဆုချီးမြှင့်ငွေ ပံ့ပိုးပေးခြင်း

📝 စာရင်းပေးသွင်းရန်: အောက်ပါ Link မှတစ်ဆင့်ဖြစ်စေ၊ ပုံပါ QR Code ကို Scan ဖတ်၍ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါသည်။

🔗 Registration Link: https://forms.gle/RJU9bYUZ1o7VZGEf9

 

ပန်းပျိုးလက်မှ ECCD နည်းပညာအကူအညီများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ၊ သင်ထောက်ကူ ပစ္စည်းများနှင့် ဆက်စပ်ဝန်ဆောင်မှုများကို ပံ့ပိုးပေးပါသည်

 

"We provide ECCD technical support, capacity-building courses, teaching and learning kits, and related services."

 

Hkun Lat

Sale and Marketing 

[email protected]

09 7 7350 4350

Contact Us

Address

15/E, Dhammazaydi Road, Yuzana Business Center, Sanchaung Township, Yangon, Myanmar.

Phones

017 526067

09 7 7350 4350

All Right Reserved 2026 Pann Pyo Lett